မုဒုံမြို့နယ်တွင် ရော်ဘာပင်ကြား ကိုကိုး၊ ကော်ဖီသီးနှံရောနှောစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မုဒုံ နိုဝင်ဘာ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာတောင်သူများ ဝင်ငွေတိုးတက်မြင့်မားစေရန် ရည်ရွယ်၍  ရော်ဘာပင်ကြား ကိုကိုး၊ ကော်ဖီသီးနှံရောနှောစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၌ ပြုလုပ်သည်။

ဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က ရော်ဘာပင် လိုင်းတန်းများအတွင်း အခြားသီးနှံများအား ရောနှောစိုက်ပျိုးထားခြင်းဖြင့် ရော်ဘာဈေးနှုန်းကျဆင်းချိန်တွင် အခြားသီးနှံမှဝင်ငွေရရှိနိုင်မှာဖြစ်ကြောင်း၊ အခြားသီးနှံမှ ဝင်ငွေရရှိအောင် ရော်ဘာပင်ကို (၁၂ပေ×၆ပေ×၆၀ပေ) အကွာအဝေးဖြင့် စိုက်ပျိုးပြီး ပေ ၆၀ ကြားတွင် အခြားသီးနှံများ စိုက်ပျိုးသည့် စမ်းသပ်ချက်ကို ၂၀၁၇ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ အဆိုပါစနစ်သည် လေဝင်လေထွက်ကောင်းမွန်ပြီး၊ အလင်းရောင်ကောင်းစွာရရှိခြင်းကြောင့် ဖြစ်ထွန်းအောင်မြင်သည်ကို တွေ့ရှိရကြောင်း၊ လူမှုစီးပွားဘဝတိုးတက်စေရန် နည်းပညာ၊ သွင်းအားစုနှင့် စိုက်စနစ်တို့ဖြင့် ပြုပြင်ပြောင်းလဲနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးရန်လိုကြောင်း၊ စီးပွားဖြစ် သီးနှံရောနှောစိုက်ခင်း တည်ထောင်ရန်အတွက် ရေအလွယ်တကူရရှိရန်လိုအပ်ပြီး လိုအပ်သောနည်းပညာများကို ဌာနနှင့် ပူးပေါင်းဆွေးနွေး၍ တောင်သူ၊ ခြံရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များ ပူးပေါင်းရှာဖွဖော်ထုတ်ပါက ရေရှည်တွက်ခိုင်မာသော နည်းပညာများရရှိမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) ခြံတာဝန်ခံ ဦးမောင်မောင်မြင့်မှ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ရော်ဘာပင်ကြားတွင် ကိုကိုး၊ ကော်ဖီသီးနှံရောနှော စိုက်ပျိုးခြင်းဖြင့်ရရှိသော အကျိုးအမြတ်များနှင့် သတိထားရမည့်အချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ရော်ဘာခြံရှင်များမှ သိရှိလိုသည်များကို မေးမြန်း၍ ရော်ဘာပင်ကြားတွင် ကိုကိုး၊ ကော်ဖီသီးနှံ ရောနှောစိုက်ပျိုးထားသည့် စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)