ကြံခင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုစိုးတင့်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ အိမ်တွင်းလက်မှုပညာများဖြင့် မိသားစုတစ်ပိုင်းတစ်နိုင်မှ စီးပွားဖြစ်လုပ်ဆောင်နိုင်စေရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းမှပို့ချသည့်များကို သေချာမှတ်သားသင်ယူကြစေလိုကြောင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးတို့က သင်တန်းဖွင့်လှစ်ရခြင်း၊ သင်တန်းသူများအတွက် ကူညီပံ့ပိုးပေးမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်မိုးမင်းစန်းက သင်တန်းသူများအား ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသည် ကုန်ကျစရိတ်နည်း၍ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်ကြားပေးမည့် ထုတ်ကုန်ကို အခြေခံထားကာ မိမိတို့၏စိတ်ကူးဉာဏ်ကောင်းများဖြင့် ပေါင်းစပ်၍ ဒီထက်အကောင်းဆုံးများကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းအား သင်ကြားပြသပေးခဲ့ရာ သင်းတန်းသူ (၂၅)ဦးက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါသင်တန်းအား နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကာလတို သုံးရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)