သထုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

သထုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့အတွက် လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းမောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးချမ်းငြိမ်းခန့်က ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်းရှိ မဲရုံစုစုပေါင်း ၈၀ တို့မှ မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း ၁၆၀ ဦးတို့ တက်ရောက်ကြပြီး နည်းပြသုံးဦးတို့က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင်များ သထုံခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သထုံမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)