မင်းဘူး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေဧရိယာရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေ၏လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ နေ့စဉ်ထုတ်လုပ်နေမှုလုပ်ငန်းခွင်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး အဆိုပါကျောင်းဝင်းအတွင်း၌ Clean and Green School အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ လေးများအား အာဟာရတိုက်ကျွေးနေမှုများကို လည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်းရေနံမြေဧရိယာရှိ တွင်းအမှတ် ၁၂၇ သို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ မန်းရေနံမြေမှ တာဝန်ရှိသူများနှင့် MPRL E&P Pte.Ltd (ကုမ္ပဏီ)မှ တာဝန်ရှိသူများက ရေနံတွင်း တစ်တွင်းအား စတင်တူးဖေါ်မှု၊ ရေနှံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု၊ သိုလှောင်ကန်းများအတွင်း စနစ်တကျ သိုလှောင်စုဆောင်းထားရှိမှုနှင့် နေ့စဉ် လျှပ်စစ်၊ စက်ယန္တရာများဖြင့် လုပ်ငန်းများလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများက မန်းရေနံမြေလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မန်းရေနံမြေအစည်းအဝေးခန်းမ၌ ခေတ္တအထွေထွေမန်နေဂျာမှ မန်းရေနံမြေ၏ တည်နေရာ အကျယ်အဝန်း၊ ရေနံရှာဖွေရေး နောက်ခံသမိုင်းကြောင်း၊ ဌာနအသီးသီး၏ ဝန်ထမ်းဖွဲ့စည်းပုံ၊ မန်းရေနံမြေဧရိယာအတွင်း ယခုလက်ရှိ ရေနံထုတ်ယူနေသည့်တွင်းပေါင်း ၂၈၀ တွင်း၊ သဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့်တွင်းပေါင်း ၃ တွင်း၊ ပိတ်ထားသောတွင်းပေါင်း ၃၆၄ တွင်း၊ စွန့်ပစ်ရေသွင်းသည့်တွင်း ၂၇ တွင်းရှိရာ စုစုပေါင်း တူးဖော်ပြီးစီးသည့်တွင်းပေါင်း ၆၇၄ တွင်း ရှိကြောင်း၊ ယခုလက်ရှိ ရေနှံနှင့်သဘာဝဓာတ်ငွေ့ တစ်နေ့တာထုတ်လုပ်မှုအနေဖြင့် ရေနံကို တစ်ရက်လျှင် ၇၅၇ စည်၊ သဘာဝဓာတ်ငွေ့ကို တစ်ရက်လျှင် ၀ ဒသမ ၆၉၆၉ ကုဗပေးသန်း နေ့စဉ်ထုတ်လုပ်လျက်ရှိကြောင်းနှင့် အဆိုပါဧရိယာတွင် ယခုလက်ရှိ ရေနံတွင်းအသစ် တစ်တွင်းကို စမ်းသပ်တူးဖော်နေမှု စသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် လုပ်ငန်းခွင်အတွင်း၌ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်စဉ် ဘေးန္တရာယ်ကင်းရှင်းရေး၊ မန်းရေနံမြေ ဧရိယာအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များ ယိုစိမ့်လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ရေနံတွင်းအသစ် (အရင်းအမြစ်)များ ထပ်မံရှာဖွေ ဖော်ထုတ်နိုင်ရေးနှင့် လူတို့၏ပေါ့ဆမှုများကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး မန်းရေနံမြေရှိ ဌာနအသီးသီးမှ ဝန်ထမ်းအင်အား ၉၀၀ ကျော်အတွက် တစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်အိတ်အလုံး ၄၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)