မကွေး နိုဝင်ဘာ ၂၇
ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေသော ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ကာကွယ်ဆေးအကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် တာဝန်ရှိသူအသီးသီး၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံထားပါက အသက် ၁၃ နှစ်မှ ၁၉ နှစ်အတွင်းရှိသည့် မိန်းကလေးများတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများတွင်အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို ၃၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)