ဘီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ဘီးလင်း နိုဝင်ဘာ ၂၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် လွတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်၊ တရားမဲ့ပြုကျင့်မှုနှင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၊ မင်တို့၊လုံခြုံရေး၏ တာဝန်နှင့် လုပ်ပိုင်ခွင်များ၊ မဲရုံဖြည့်သွင်းရမည့်ပုံစံများ၊ မဲပေးစက်ဆိုင်ရာလုပ်ငန်းများကို သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ မဲရုံမှူး ဒုမဲရုံမှူးသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၉၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၄) ဦးတို့က နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တစ်ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်လှစ်ရာသို့ ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)