ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေး ဟောပြော

ဒေးဒရဲ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မရေးရာ အကြမ်းဖက်မှု အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက တညင်ကုန်း (စံပြ) ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများအပေါ် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း