ငပုတောမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်သံလွင်အား ဒေသခံပြည်သူများနှင့်တာဝန်ရှိသူများ ကြိုဆို

ငပုတော နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့အတွင်းရှိကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငပုတောမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ငပုတောမြို့နယ်ကိုအခြေပြု၍ ငပုတောမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့်ခံတွင်းရောဂါ အထွေထွေခွဲစိတ်လူနာ၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)