တောင်တွင်းကြီးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းနှင့်အခြားပေါ်ဆန်းအမျိုးအစားဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော  ဆန်အရောင်းဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ယမန်နေ့ နေ့လယ်ကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ရွှေဘိုပေါ်ဆန်းနှင့် အခြားပေါ်ဆန်းဆန်အမျိုးအစား ဆန်ဈေးနှုန်းများသည် သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုပိုမြင့်တက်လာပြီး မကြာမီကာလတွင်ပေါ်ဆန်းဆန်သစ်များလည်း ထွက်ရှိလာမည်ဖြစ်ရာ ဆန်ကုန်သည်အချို့သည် သိုလှောင်ထားသည့် ပေါ်ဆန်း ဆန်ဟောင်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချရန် လုပ်ဆောင်နေသဖြင့် ပြည်တွင်းဈေးကွက် ဈေးနှုန်းတည်ငြိမ်မှုကို ထိခိုက်နိုင်သည့်အတွက် ယခုကဲ့သို့ လိုက်လံစစ်ဆေးရခြင်းဖြစ်ကြောင်းပြောကြားပြီး ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာတို့  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)