ငဖဲ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၉၉ သိန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးနှင့် ဆောင်းသီးနှံများအချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများလူမှုစီးပွားဘဝအဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊ အတိုးပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း ၂၀၀၀ ကို ထုတ်ချေးပေးရန်လျာထားပြီး စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူ ၂၂၇ ဦး၏စပါး ၃၀၈ ဧကနှင့် အခြားသီးနှံစိုက် ၆၃၇ ဧက စုစုပေါင်း ၉၄၅ ဧကအတွက် ချေးငွေကျပ် ၁၀၉၉ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု ၂ အုပ်စုမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)