ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၀၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၀၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံစုံ ၃၄၉၅၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဆီထွက်သီးနှံအလိုက် သတ်မှတ်စိုက်ဧကပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၀၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံစိုက်ဧက ၃၄၉၅၁ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ စိုက်ပျိုးပြီးစီးမှုအနေနဲ့ နေကြာ ၄၁၅၀ ဧက၊ မြေပဲ ၁၅၅၀ ဧက၊ နှမ်း ၁၄၃၈၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၀၀၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။

ဆီထွက်သီးနှံအလိုက် လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ ကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်ဖို့နဲ့ စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးရေး၊ သွင်းအားစုပစ္စည်းတွေ အချိုးကျမှန်ကန်စွာသုံးစွဲတတ်စေရေး၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ် ရေးစတဲ့ တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အရည်အသွေးကောင်းသော သီးနှံများ ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်များ ရရှိအောင် ချိတ်ဆက်ကူညီပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာ မျှဝေပေးခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲရေးနှင့် ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့်လုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းတို့ကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)