မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ် ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှ စတင်ကျင်းပမည့် ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍာသည် အရေးကြီးသောနေရာမှ ပါဝင်နေကြောင်း၊ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အဓိကပါဝင်၍ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် သိသင့်သိထိုက်သော ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ မဲရုံအတွင်းဖြစ်ပေါ်လာနိုင်သည့်ပြဿနာများကို ဖြေရှင်းနိုင်ရန်သော်လည်းကောင်း၊ မဲပေးစက်နှင့်ပက်သက်သည့် သိရှိရမည့်အချက် အလက်များအား သိရှိနိုင်ရန်လည်းကောင်း၊ မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို တိတိကျကျသိရှိရန် ရည်ရွယ် ၍ ယခုသင်တန်းအားဖွင့်လှစ်ရပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသီဟန်စီက ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်စာအုပ်နှင့် မဲပေးစက်ကိုင်တွယ်ခြင်းဆိုင်ရာများအား စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)