ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၆
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဥ်ကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (စတုတ္ထအကြိမ်) ကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အာဟာရချက်ပြုတ်ကျွေးမွေးခြင်းအစီအစဥ် ဆောင်ရွက်နေမှုအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီလမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့်ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်စေရန်နှင့် မူလတန်းကျောင်းသား/ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၆) ကျောင်းရှိ KG အတန်းကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထအကြိမ်) ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)