မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် စီးပွားရေးရာဝန်ကြီး နိုင်လယိတမတို့က အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော ပြည်နယ်/မြို့နယ် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ တိုင်းရင်းသားရိုးရာ အမွေအနှစ် ပစ္စည်းများ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ရှေးဟောင်းစာပေ၊ ရိုးရာတူရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မော်လမြိုင်ဌာနခွဲ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတို့၏ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းတွင် ခင်းကျင်းပြသနိုင်ရေးအတွက် လှူဒါန်းလိုပါက မွန်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)