တောင်ကြီး နိုဝင်ဘာ ၂၅
နိုင်ငံတော်နှင့်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်ပြီး ဘက်စုံထူးချွန်သည့် အင်ဂျင်နီယာများ၊ ဆန်းသစ်တီထွင်နိုင်သည့် သုတေသီများမွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုသော သုတေသနဦးစားပေးတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)တွင် အင်ဂျင်နီယာလောင်းလျာများကို သင်ကြားမွေးထုန်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘာသာရပ်အသီးသီး၌ ကျောင်းသားကျောင်းသူပေါင်း (၁၄၃၉)ဦး အေးချမ်းစွာတက်ရောက် လျက်ရှိကြကြောင်း သိရသည်။
အဆိုပါ နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ နိုင်ငံတကာအသိအမှတ်ပြု ISO 9001:2015 လက်မှတ်ရရှိထားခဲ့ပြီး တက္ကသိုလ်၏ သင်ကြား၊ သင်ယူမှုစနစ်အရည်အသွေးများကို နိုင်ငံတကာ၏ စံချိန်စံညွှန်းနှင့်အညီ ဆက်လက်တိုးတက်ကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပုံမှန်သင်တန်းများဖြစ်သည့် မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်အင်ဂျင်နီယာသင်တန်း၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ သင်တန်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြသည်။
နည်းပညာတက္ကသိုလ်(တောင်ကြီး)ကို ၁၉၉၂-ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့၍ ၁၉၉၉-ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး (၂၀.၁.၂၀၀၇)တွင် အစိုးရနည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းစတင်တည်ထောင်စဉ်မှ ယခုနှစ်အထိ အင်ဂျင်နီယာမဟာဘွဲ့(ME) ရရှိသူပေါင်း (၈၂)ဦး၊ ရိုးရိုးအင်ဂျင်နီယာဘွဲ့(BE) ရရှိသူပေါင်း (၇၁၇၂)ဦး၊ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်