မင်းလှမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀၀‌ ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မင်းလှ     နိုဝင်ဘာ       ၂၄

မ‌ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များအား  ဂုဏ်ပြုငွေများ ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်လုံပညာသရုပ်ပြသမှု၊ မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ဝါးညှပ်အက ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများပေးအပ်ပြီး    ကာယစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ခါးလှည့်ကွင်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ကွင်းစွပ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုအား ကြည့်ရှုပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြများ၊ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသားကျောင်းသူများကို အာဟာရဖြည့် အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။

ထို့နောက်  မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အဆိုပါကျောင်းမှ  ကျောင်းသား ကျောင်းသူများက မကွေးတိုင်း ရွှေမြို့တော်”၊ “အလှဆုံးပန်းများ ပွင့်ကြပြီတေးသီချင်းတို့ဖြင့်  သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲတွင်  နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရှင် ကျောင်းသား မောင်လွင်သန့်ထူးအောင်က တယောတီးခတ်၍ ရွှေတံဆိပ်ဆုရှင် မဆုမြတ်နိုးက “နှလုံးသားကို အလှဆင်ပါ” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ငွေကျပ် သိန်း(၅၀)ကို ပေးအပ်ရာ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံယူသည်။ ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်ကလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက‌ လည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသားကျောင်းသူ များအား တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်က လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသူက ပြန်လည်သရုပ်ပြတင်ဆက်သည်။

ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသော “Violin Group”နှင့် မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက သီချင်းများ သီဆိုဖျော်ဖြေသည်။

ယနေ့ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်း (၂၃)ကြိမ်မြောက် ကျင်းပနိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်ကြောင်းနှင့် ပွဲတော်သို့ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၀၀‌ ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ မြို့နယ်( ပြန်/ဆက် )