ကျွန်းလှ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
“ ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ခရမ်းအပင် (၁၀၀၀) ကျော်စိုက်ပျိုးခဲ့တယ်။ စိုက်ပျိုးရာမှာ ကိုယ်တိုင်ပျိုးထောင်ပြီး မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုးနဲ့ လုပ်အားခအပါဝင် ငွေကျပ် ၁၅၀၀၀၀ ခန့်ကုန်ကျပါတယ်။ ခရမ်းသီးနှံက စိုက်ပျိုးရတာလွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ခရမ်းတစ်ခင်းကို သုံးလလောက်ကောက်ယူရပြီး နှစ်ရက်ခြားတစ်ခါကောက်ရင် ပိဿာချိန် ၁၅၀ ခန့်ရရှိပါတယ်။ အရင်သီးနှံပေါ်ခါစက တစ်ပိဿာ ငွေကျပ် ၃၅၀၀ ရောင်းခဲ့ရသော်လည်း အခုအခါ တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဈေးရောင်းရပြီး မိသားစုအတွက် ဝင်ငွေရရှိနေပါတယ်” ဟု ရှမ်းစုကျေးရွာ ခရမ်းစိုက်ပျိုးသူ ဦးမျိုးထွန်းက ပြောသည်။
အဆိုပါ ခရမ်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျန်းမာရေးနှင့် ညီညွတ်သော ဓာတုကင်းစင်သီးနှံရရှိရေးအတွက် သဘာဝအားဆေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ