ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ချောင်းဝကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၊ ကျောင်းသစ်ဘုန်းကြီးကျောင်း၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၄၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၂ ဦး ခွဲစိတ်ရောဂါ ၇၅ ဦး၊ သားဖွား မီးယပ်ရောဂါ ၁၅ ဦး၊ ကလေး ရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၇၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀ ဦး၊ မျက်စိရောဂါ ၁ဝ၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉ဝ တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အပြင် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများက ငပုတောမြို့နယ် ငါးပြေမ(အထက်စု) ကျေးရွာနေ ဦးကြည်နိုင်ဦး၏ဇနီး ဒေါ်တင်တင်မော်၏ ကိုယ်ဝန်ကို မွန်းလွဲ ၃ နာရီ ၄၈ မိနစ်တွင် ၇ ပေါင် ၂ အောင်စရှိသမီးရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း တတိယအကြိမ် မွေးဖွားပေးခဲ့သည့် ကလေး ငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ (၁၈) ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင် မိခင် ၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု(၁၉)ကြိမ် မြောက်တွင် ၂၃ ဦးမြောက်၊ ၂၄ ဦး မြောက်နှင့် ၂၅ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ပြန်/ဆက်)