မုံရွာ နိုဝင်ဘာ ၂၄
မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်အတွက် နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဟုမ္မလင်းမြို့တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစေင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများက ချင်းတွင်းမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေ - (၄၀၀၀၀)၊ ထိုင်းငါးခုံး မကြီး ကောင်ရေ - (၇၀၀၀)နှင့် ငါးကြင်းကောင်ရေ - ၃၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ - (၅၀၀၀၀)တို့အား တစ်ပျော်တစ်ပါး စိုက်ထည့်ပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင် ရွက်နေသည့် ဦးဆူးပေါ့၊ အသားတိုးကြက်ကောင်ရေ - ၇၀၀ မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ ပါတီစုံအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကပ်ထား ကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းလာရောက်ကြည့်ရှုသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ချင်းတွင်းဥရုရှမ်းနီလူငယ် ပါရမီစာကြည့်တိုက်သို့ရောက်ရှိရာ သုတ/ရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အတွက် ငွေကျပ်သိန်း - (၂၀၀) အား ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိကမြိုုမကျောင်းသို့ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)