နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံသိုးမွှေးထိုးနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျောင်းသူလေးများအား စနေနှင့်တနင်္ဂနွေကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာကြည့်တိုက်သို့လာရောက်၍ မိမိတို့ဝါသနာပါသည့် အကြောင်းအရာများကို လေ့လာဆောင်ရွက်တတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်မိုး(တွဲဘက်)က ရှင်းလင်းပြောကြားပြီး သင်တန်းတွင် သိုးမွှေးအခြေခံထိုးနည်းအမျိုးမျိုး၊ ခေါင်းစည်းကွင်း၊ လက်ကိုင်အိတ်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား သင်ကြားပေးမည်ဖြစ်ပြီး (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ကျောင်းသူ(၁၃)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
လှဝင်း