မင်းဘူး နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထပ်မံကပ်ထားကြေညာထားသည့် မဲစာရင်းများအား ယမန်နေ့ နံနက်ပိုင်းက တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မဲစာရင်းများ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍ ဒုတိယအကြိမ် ထပ်မံကပ်ထားကြေညာထားသည့် မဲစာရင်းများအား နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းအပေါ် အမည်စာရင်း မပါ၀င်သူများက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းပေးရန်တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့်၊ ပြင်ဆင်လွှာ တင်သွင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပြီး၊ ဒုတိယအကြိမ် မဲစာရင်းများအား ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
ဇေယျာနိုင်(ရရွှေကန်မြေ)