သရက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ အသိပညာပေး

သရက် နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးရှင်လင်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အနော်ရထာခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသန့်ဇင်မင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို မဲပေးကြမည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား စနစ်တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အကြောင်းသိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းနှင့်ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကိုတိုက်ဆိုင်စစ်ဆေးပြီး မဲရလဒ်မှန်၊ မမှန်စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လုလင်(သရက်)