ကြံခင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ ကျင်းပ

ကြံခင်း နိုဝင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးမှူး၍ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ယခုဖွင့်လှစ်သော မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကြံခင်းမြို့နယ်အတွင်း ဆန္ဒမဲပေးရာတွင် အဆင်ပြေစွာ ကူညီပံ့ပိုးပေးနိုင်ရန်နှင့် တပ်ဆင်အသုံးပြုရာ၌ အခက်အခဲမရှိစေရန်အတွက် သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှူးများက သင်ကြားပြပေးရာတွင် နားမလည်သည့်အပိုင်းများအား သေချာမေးမြန်း မှတ်သားဖို့လိုမှာဖြစ်ကြောင်း၊ ဒါမှသာလက်တွေ့နယ်ပယ်တွင် အဆင်ပြေစွာမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ကြံခင်း) ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က သင်တန်းတွင် သင်ကြားပြမည်ဘာသာရပ်များနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုးက မဲရုံတည်ဆောက်ပုံ၊ MEVM မဲပေးစက်တွင် ပါဝင်ပစ္စည်းများ၊ တပ်ဆင်အသုံးပြုပုံများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းသင်ပြလျက်ရှိသည်။

အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၈၄ ဦးအား နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပထမအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဒုတိယအကြိမ်အဖြစ် သင်တန်းသား၊ သင်တန်းသူ ၈၄ ဦးအား စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲခွဲရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)