ပခုက္ကူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား၏အရေးပါပုံအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်း၊ ခရိုင်လဝကဦးစီးမှူး ဒေါ်ကြည်ကြည်ချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ဗိုလ်မှူးသက်ထွန်းနိုင်နှင့်ကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း မြေပြင်ကွင်းဆင်းအခမဲ့ဆောင်ရွက်ပေးခဲ့သည့် ပြည်သူ ၂၄၅ ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပြီးသူများ၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)