ဖျာပုံ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ်၍ ဒုတိယအကြိမ် မဲစာရင်းများအား ယမန်နေ့နံနက်ပိုင်းက စတင်၍ ကပ်ထားကြေညာထားရှိသည်။
အဆိုပါ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် ပထမအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းအပေါ် အမည်စာရင်း မပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ စီစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဒုတိယအကြိမ် မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ပြီး မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)