အင်္ဂပူမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

အင်္ဂပူ နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ဒီဇင်ဘာလ ၂၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲစာရင်းများကိုကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့်လည်း​ကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက် တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တစ်ဆင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏အမည်စာရင်း ပါမပါသိရှိနိုင်ရေး လာရောက်ကြည့်ရှုရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်ခဲ့‌ကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)