ဇလွန် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက် အလက်တစ်ခုခု ကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ထုတ်ပြန်ကြေညာသည့်ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ အမည်စာရင်း ပါမပါသိရှိနိုင်ရေး လာရောက်ကြည့်ရှု့ရန် အသံချဲ့စက်များဖြင့် အသိပညာပေးနိုးဆော်ခဲ့ကြပြီး မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲဝင်များ၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)