ရွှေသောင်ယံ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ရွှေသောင်ယံမြို့ ရပ်ကွက်/ကျေးရွာ များရှိ သတ်မှတ်ထားသောနေရာများတွင် တာဝန်ရှိသူများမှ ကပ်ထားကြေညာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမဲစာရင်းများကို နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးသွားမှာဖြစ်ပြီး ပထမအကြိမ်ကမဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုမရှိသေးသော ပြည်သူများမှ သက်ဆိုင်ရာနယ်မြေအလိုက် မဲဆန္ဒရှင်စာရင်းများတွင်မိမိတို့ အမည်များ ပါ၊ မပါ စိတ်ဝင်တစ်စား လာရောက်ကြည့်ရှုကြသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခြင်းမရှိသေးသည့် ပြည်သူများရှိပါက ထပ်တိုးစာရင်းပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျှင်း၍ ကန့်ကွက်လိုပါကပုံစံ (၄)ဖြင့်လည်းကောင်း ဖြည့်စွက်ကာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အခမဲ့ရယူလျှောက်ထားရမှာဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်