ကန်ကြီးထောင့် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် စကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက ကုလားကွင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိ တတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ အထက်တန်းပြဆရာ ဦးသန်းလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အ.ထ.က- ကုလားကွင်းရှိ Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသားနှင့် ရိုင်းပင်းကူညီစိတ်၊ ကျောင်းသားနှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ဆေးလိပ်အန္တရာယ်ဘေး၊ လူငယ်နှင့် ကိုယ်ကျင့်တရားစသည့်အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားအားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)