ငွေဆောင် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီး သူတိုင်းဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ (ဒုတိယ)အကြိမ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းကြေညာထားမှု အခြေအနေ၊ မဲစာရင်းကိုအများပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေအား မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် မဲစာရင်းကြေညာမှုအား နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ( ၄)ရက်နေ့ အထိ (၁၄) ရက်ကြာ ကြေညာပေးသွားမည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများ၊ မဲစာရင်းတွင် ဖြည့်သွင်းနိုင်ရေး၊ မဲစာရင်းတွင် အချက်အလက်များ မှားယွင်းပါက ပြန်လည်ပြင်ဆင်နိုင်ရေး၊ ကန့်ကွက်လိုပါက သတ်မှတ်ပုံစံများဖြင့် ကန့်ကွက်နိုင်ရေးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
R–014( ငွေဆောင်)