မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသမှုကြည့်ရှုအားပေး

မကွေး    နိုဝင်ဘာ    ၂၁

မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့်စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ နိုဝင်ဘာ ၂၁ ရက် ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သားတို့အား ချီးမြှင့်ပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။ ထို့နောက် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ၄၀၀၀ ကျော်ကို အခမဲ့ ချီးမြှင့်ပေးနေမှုအား ကြည့်ရှုအားပေးကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန်အတွက် အခမဲ့ဆေးကုသခြင်းအစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမဲ့ဆေးကုသမှုကို အထူးကုဆရာဝန်ကြီးများပါဝင်သည့် မျက်စိအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန်ကြီးများမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအပြင် ဆက်လက်ကုသရန်လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းကို မကွေးမြို့နယ်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် လစဉ်ပင်စင်ထုတ်ရက်များအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  အခြေခံစားသောက်ကုန်များကိုလည်း ဆက်လက်ပြီး ပိုမိုချီးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)