ဓနုဖြူမြို့နယ်၌ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး/ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး/ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရေတွင်းကုန်းကျေးရွာ/အုပ်စု၊ ပြည်လုံးချမ်းသာစေတီတော် မြတ်ကြီးဝန်းအတွင်းတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာ သင်တန်းသားများမှ သင်တန်းအား စိတ်ပါဝင်စားစွာတက်ရောက်ရန်နှင့် မသိနားမလည်ပါက တင်ပြဆွေးနွေးရန်၊ သင်တန်းပို့ချမည့် နည်းပြဆရာများအနေဖြင့်လည်း သင်တန်းသားများ သေချာစွာနားလည်သဘောပေါက်အောင် သင်ကြားပို့ချရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြား​သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားချပြရှင်းလင်းခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံမှူး/ဒုမဲရုံမှူးများမှ မဲရုံလုံခြုံရေးတာဝန်ကျအဖွဲ့များနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်ထားရှိရန်၊ မြို့နယ်အတွင်း ရွေးကောက်ပွဲကာလလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အကြောင်းအရာများအား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၈ နာရီအချိန်မှ ၄ ရာရီအချိန်ထိ နည်းပြဆရာများမှ သင်ကြားပို့ချခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)