ဂန့်ဂေါ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းမှစတင်ပြီး မြို့ပေါ်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ညာဘုတ်များဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားရာ ပြည်သူများလာရောက် ကြည့်ရှုကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထား၍ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အမည်စာရင်း မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်းနှင့် ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယ) အကြိမ် ကပ်ထားကြေညာခြင်းများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း