ဒေးဒရဲ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ကျုံဒူးမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် အခြေခံပညာကျောင်းများအရောက် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့်အနာဂတ်ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း