ဆင်ပေါင်ဝဲမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာပေးရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့က စတင်ပြီး မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယခုဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန်ကြေညာပေးထားသော မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်မဲစာရင်းတွင် ပါ၊ မပါ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးစာရင်းပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄) ဖြင့်လည်းကောင်း ဖြည့်စွက်၍ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)