ငဖဲမြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် အလွန်အရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ပင်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်အားနည်းပါက တိုင်းပြည်နှင့်လူမျိုးအတွက် များစွာအန္တရာယ်ရှိနိုင်ကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ဇာတိဂုဏ် ထိန်းသိမ်းရေးတို့သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာကျော်က ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်မှန်ကန်စေရန်အတွက် ကျောင်းစာသာမက သုတ၊ ရသ စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)