ကြို့ပင်ကောက် နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူများဖြစ်သော မိမိတို့၏စာရင်းပါရှိသည့်သက်ဆိုင်ရာ မြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးခြင်းကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများက နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လွတ်လပ်စွာ ကြိုတင်မဲပေးခြင်းကို ရပ်ကျေးကော်မရှင်များနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်ဆက်)