သထုံမြိုနယ်၌ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာညိုက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းရေး၊ တောမီးအန္တရာယ်များနှင့် တောမီးကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများတို့ကို ဆွေးနွေးဟောပြောသည်။

ယင်းနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဗွီဒီယိုမှတ်တမ်းအားပြသ‌ပေးကာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတို့က ကျောင်းသား/ကျောင်းသူများထံ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ကျောင်းစာကြည့်တိုက်သို့၂၀၂၅ ခုနှစ်ထုတ်သစ်တောကြေးမုံစာစောင်များပေးအပ်ခြင်းနှင့် မိဘဆရာအသင်းသို့ ကျောင်းရန်ပုံငွေလှူဒါန်းခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၆၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်