ပဲခူး နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမအကြိမ်မဲစာရင်းထုတ်ပြန်မှုအပေါ် ပြန်လည်စိစစ်၍ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်မှုတွင် အားနည်းချက်မရှိစေရေး စိစစ်ဆောင်ရွက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတကာ အေးချမ်းလုံခြုံစွာ ပြည်သူများ မဲပေးနိုင်ရေးကိုလည်း ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါရှိနိုင်ရေး အထူးအလေးထားဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၏ လုံခြုံရေး၊ မဲရုံလုံခြုံရေးများကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာ ဖြစ်ကြောင်း၊ မဲရုံတည်ဆောက်မည့် နေရာများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုမဲပေးနိုင်ရေး မြို့နယ်အလိုက် မဲဆန္ဒရှင်ပြည်သူများအားလုံး သိရှိဆောင်ရွက်တတ်စေရေး မဲပေးစက်သရုပ်ပြသခြင်းများ ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပပြုလုပ်မည့် မြို့နယ်များသာမက ဆက်လက်ဆောင်ရွက် မည့် အပိုင်းအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက မဲစာရင်းမှန်ကန်ရေးနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ၊ မဲရုံလျာထားမှုနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုမဲပေးနိုင်ရေး သရုပ်ပြသမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက မဲရုံများအလိုက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး လိုအပ်သည်များအား မြို့နယ်အလိုက် အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)