ပွင့်ဖြူ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၁၆၁၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ယခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ပဲလွမ်း ၁၆၁၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲလွမ်းသီးနှံ ၃၂၃၃ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ပဲလွမ်းသီးနှံ ၁၆၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်သွားမှာပါ။ လက်ရှိမှာ သီးနှံအထွက်နှုန်းများ တိုးတက်စေဖို့အတွက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်နေပါတယ်။ ပဲလွမ်းသီးနှံ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ စိုက်နည်းစနစ်များ မှန်ကန်ပြီး သွင်းအားစုပစ္စည်းတွေ စနစ်တကျသုံးစွဲကြဖို့ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးတို့အတွက် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲလွမ်းကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင်ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် ပဲလွမ်းကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)