ကရင်ပြည်နယ်လူငယ်စင်တာ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်

ဘားအံ နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးအခန်းကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့်သင်ယူပြီး လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့်မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းနှင့်ပတ်သက်သောအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၈၈)အုပ်စု၌ မဲရုံပေါင်း(၂၁၈)ရုံဖြင့် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ရာ မဲရုံ(၁)ရုံလျှင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၂)ဦးစီဖြင့် သင်တန်းသားပေါင်း(၄၃၆)ဦးကို သင်တန်းအပတ်စဉ်(၄)ပတ်ခွဲ၍ (၁)ပတ်စဉ်လျှင်(၂)ရက်နှုန်းဖြင့် မဲပေးစက်များထုတ်ယူခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲရုံအဖွဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ(၁)ရက်အလို ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရုံမဖွင့်မီဆောင်ရွက်ရန်နှင့်မဲပေးနေစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးနောက်ရလဒ်များရေတွက်ခြင်း၊ ပုံစံဖြည့်သွင်းခြင်း၊ ပစ္စည်းများထုတ်ပိုးအပ်နှံခြင်းကိစ္စရပ်များကို ပို့ချသရုပ်ပြ၍ လက်တွေ့ဆောင်ရွက်စေမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး(၂)ဦးစီဖြင့် သင်တန်းသားပေါင်း(၁၇၆)ဦးကို သင်တန်း(၂)ပတ်စဉ်ဖြင့် မဲပေးစက်ထုတ်ယူခြင်း၊ ထုတ်ပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲစာရင်းကပ်ထားကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံများပြင်ဆင်ခြင်း၊ မဲရုံများကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာလုပ်ငန်းများကို ပို့ချသရုပ်ပြလက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကာ အဆိုပါ သင်တန်းများကို နိုဝင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသောမဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)