မအူပင် နိုဝင်ဘာ ၁၉
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား ရေယာဉ်(စက္ခု) ဆေးရုံရေယာဉ်(ရွှေပုဇွန်)သည် ယမန်နေ့နံနက် ၈ နာရီအချိန်က မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာရှိမဟာသတိပဋ္ဌာန်ကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး မင်းသိန်းဦးဆောင်၍ အင်အား (၆၆) ဦး ပါဝင်သော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်နှင့် ကလေးများတွင် ဖြစ်ပွားတတ်သောရောဂါများကို ဆေးကုသမှုပါရဂူ အသီးသီးဖြင့် ရပ်ကွက်/ကျေးရွာများရှိ သံဃာတော်များနှင့် ပြည်သူများအား အခမဲ့ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းများစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက ကြိုဆိုခဲ့ကြပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်