အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူနှင့် တိုင်းအဆင့်ပထမဆုရရှိသူတို့အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

အိမ်မဲ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁) ကျောင်းမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူ  Grade -6 ကျောင်းသူ မမေလင်းသန့်နှင့် တိုင်းအဆင့်ပထမဆုရရှိသော Grade -5 ကျောင်းသား မောင်ဖြိုးဝဏ္ဏဗိုလ်တို့အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အဆိုပါကျောင်းသား၊ ကျောင်းသူ (၂)ဦးအား  ကျောင်းအဝင်လမ်းတစ်လျှောက်ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများက ပန်းကုံးများစွပ်၍ ပန်းစည်းများပေးခြင်းနှင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်ပြီး အ-ထ-က(၁)အိမ်မဲ ကျောင်းအုပ်ဆရာမကြီးက ဆုများရရှိသည့်အတွက် ဂုဏ်ပြုကြိုဆိုနှုတ်ခွန်းဆက်စကားများကိုလည်းကောင်း၊ အ-ထ-က(၁)အိမ်မဲ အင်္ဂလိပ်စာ ဘာသာရပ်ခေါင်းဆောင်ဆရာမက ဂုဏ်ပြုစကားများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်ပထမဆုရရှိသော Grade -6 ကျောင်းသူ မမေလင်းသန့်နှင့် တိုင်းအဆင့်ပထမဆုရရှိသော Grade -5 ကျောင်းသား မောင်ဖြိုးဝဏ္ဏဗိုလ်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာ/မများကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲပြန်/ဆက်)