ရေနံချောင်း ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့ကစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် ဩဂုတ် ၄ ရက်နေ့တွင် ဝက်လွတ်ကျေးရွာ အ.ထ.က ကျောင်းအတွင်း မြစ်ရေနှစ်ပေနီးပါးဝင်ရောက်ခဲ့ပြီး ဆရာ/မ ၂၀ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ ၆၁ ဦးတို့အား ဘေးန္တရာယ်ကင်းရှင်းစေရန်အတွက် ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အလားတူ ဝက်လွတ်ကျေးရွာအုပ်စု ကုန်းသောင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းကိုလည်း မြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင် ၃၀ ရက်နေ့က ယာယီပိတ်ထားခဲ့ရပြီး အဆိုပါကျောင်းပိတ်ရက်များကို မြစ်ရေပြန်လည်ကျဆင်းချိန် အဖိတ်နေ့များတွင် ပြန်လည်အစားထိုး သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အထက်တန်း (ခွဲ) ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး