က၀မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကဝ နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ကဝမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ချောမွေ့မှန်ကန်စေရန်၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြတ်သားစွာနားလည်ပြီး စနစ်တကျထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်ကြာ နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း