ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဒေးဒရဲ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရပ်ရွာမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ပြည်သူပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းများအား စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက မြို့မစျေးတည်ဆောက်ထားရှိမှု၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးပစ္စည်းများ၊ ရေရရှိမှုအခြေအနေများ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု၊ စျေးမီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများက မီးသတ်ဆေးဘူးလက်တွေ့ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်မှုများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မစျေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ အရေးပေါ်မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်

အေဇာလင်း