မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မင်းလှ နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်က အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာနှင့် ညောင်သုံးပင်အုပ်စု၊ သပြေစမ်းကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းအား အသိပညာပေးရှင်းလင်းပြသခဲ့သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကျန်ရှိသည့်ကျေးရွာအုပ်စုများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)