ဖျာပုံ နိုဝင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် (MEVM) စက်ဆိုင်ရာများ၊ မဲစာရင်းကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏာဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်၍ မဲပေးစက်များ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် တက္ကသိုလ်၊ ဒီကရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့် ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က ဖျာပုံခရိုင်နှင့် မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)