ဘားအံ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် United Nation Children’s Fund-UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Yasumasa Kimuraနှင့် အဖွဲ့အား နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် Mr.Yasumasa Kimura တို့သည် ဒေသတွင်း ကလေးသူငယ်များနှင့် ၎င်းတို့၏မိသားစုဝင်များအပေါ် ကူညီစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နေရပ်စွန့်ခွာပြည်သူများ၏အရေးဆိုင်ရာများနှင့်အကူအညီပေးနိုင်ရေး ကိစ္စရပ်များ၊ သဘာဝဘေးကြုံတွေ့ရသည့်အခါ အရေးပေါ်တုန့်ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကိုကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အတွက် သက်ဆိုင်ရာဌာနများက လိုအပ်သလို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ရာနှုန်းပြည့်မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဖြင့် ဘားအံစက်မှုဇုန်တွင် အဆင့်မြင့် စားအုန်းဆီသန့်စင်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော Shwe Ngar Thone Kaung Co.,Ltd က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကို ဆွေးနွေးခဲ့ကြပြီး ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော Hotel Conqueror Co.,ltd အားကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Myanmar Car & Motorcycle Business Co.,ltd အား ကွင်းဆင်းစစ်ဆေးနိုင်ရေး ဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အတွင်းဆောင်ရွက်နေသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်နယ်အတွင်းတိုးတက်ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)