ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းလှ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ‌ဦးစီးမှူး ဦးဖိုးချိုက ကျောင်းစာအပြင် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတရရှိခြင်း၊ လိမ္မာစွာစကားပြောဆိုတတ်ခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကက်စာစောင်များ၊ စာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)